သရေခေတ္တရာ ပြည်မြို့တော်

တန်ဆောင်မုန်း လပြည့်ညနှင့် မဲဇလီဖူးသုပ်

တန်ဆောင်မုန်းလသည် မိုးကာလက စိုစိုစွတ်စွတ်နဲ့ အသွားအလာခက်ခဲသမျှကို ဖယ်ရှားပစ်လိုက်လို့ ပွင့်လင်းသာယာ သွားခင်းလာခင်းသာတဲ့ အချိန်အခါဖြစ်ပါတယ်။ လူအများကိုယ်စိတ်နှစ်ပါး လွတ်လပ်တက်ကြရွှင်လန်းနေကြတဲ့ ရာသီချိန်လည်းဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညသန်းခေါင်ယံအချိန်မှာ ကြယ်နက္ခတ်တာရာတို့ စုံညီစွာထွက်ကြပြီး အလင်းရောင်တို့ကလည်း အစွမ်းကုန်ထွန်းလင်းတောက်ပကြပါတယ်။

အဲဒီအချိန်မှာ ကြယ်၊ နက္ခတ်တာရာလေ့လာကြတဲ့ သုတေသီများ၊ သင်တန်းသား သင်တန်းသူများ၊ နက္ခတ်ဆရာများသည်လည်း လက်တွေ့ကျကျ ပညာစုံညီဖွင့်ထုတ် သင်ကြားရပါတယ်။ ဒီတန်ဆောင်မုန်းလမှာ ကြယ်တာရာနက္ခတ်စုံသလိုပဲ ပွဲလမ်းသဘင်တွေကလည်း စုံလှပါတယ်။ မီးထွန်းပွဲတော်၊ ကထိန်ပွဲတော်၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ တောင်ကြီးမြို့နှင့်အချို့အရပ်တွေမှာ နတ်ပြည်မှာတည်ထားကိုးကွယ်တဲ့ စူဠာမုနိစေတီကို ရည်မှန်းပြီး မီးပုံးပျံလွှတ်၍ ဖူးမြော်ပူဇော်ကြပါတယ်။ မြန်မာတိုင်းရင်းသားတို့ရဲ့ အမျိုးဘာသာယဉ်ကျေးမှုကို စောင့်ထိန်းတဲ့ပွဲတော်တွေပဲဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံအချိန်မှာ ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ်တဲ့အခိုက်မှာ ဆေးပင်အပေါင်းကို စောင့်ရှောက်ရတဲ့ နတ်များကလည်း မဲဇလီပင်ကို စောင့်ရှောက်ရတဲ့နတ်မင်းကြီးထံ လာရောက်ခစားကြရပြီး နတ်သဘင်ကိုလည်း မဲဇလီပင်မှာပဲကျင်းပကြပါတယ်။ မဲဇလီပင်မှာဆေးပင်စောင့်နတ်တွေ စုဝေး ရောက်ရှိကြပြီး နတ်သဘင်ပွဲကျင်းပတာကို အကြောင်းပြုလို့ မဲဇလီဖူးဆေးအစွမ်းဟာ အံ့မခန်းထက်မြက်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ရှေးရှေးက တိုင်းရင်းဆေးသမားတော်တွေဟာ သူတို့ ဖော်စပ်ထားတဲ့ဆေးတွေကို ညအချိန်လရောင်အောက်မှာ သိဒ္ဓိတင်ခြင်း၊ ပူဇော်ပသခြင်းပြုလုပ်ကြပါတယ်။ ဆေးအစွမ်း ပိုမိုထက်မြက်လာတယ်လို့ ယုံကြည်ကြပါတယ်။ တန်ဆောင်မုန်းလပြည့်ည ဆေးပေါင်းခတဲ့ မဲဇလီဖူးကို စားသုံးကြရင် ရောဂါမျိုး ၉၆ ပါးကင်းလို့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ ဉာဏ်ပညာကြီးမြင့်ခြင်း၊ အမျိုးဘာသာကို စောင့်ရှောက်ထိန်းသိမ်းခြင်းဆိုတဲ့ အကျိုးများရစေတယ်လို့ယုံကြည်ကြပါတယ်။ ယခုထက်တိုင် တချို့အညာဒေသတွေမှာ အပျို၊လူပျိုတွေ စုဝေးပြီး တပျော်တပါးမဲဇလီဖူးသုပ်စားကြတယ်လို့ သိရပါတယ်။ မဲဇလီဖူးသုပ်စားတဲ့ဓလေ့ဟာ ရှေးမြန်မာဘုရင် မင်းမြတ်များလက်ထက်ကတည်းကရှိခဲ့တယ်လို့သိရပါတယ်။ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံကျော်တာနဲ့ ဆောင်းဥတု(ဟေမန္တ)သို့ ကူးပြောင်းလို့သွားပါပြီ။ ဆောင်းဥတုဟာ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့မှ တပေါင်းလပြည့်ညလယ်အထိ ဆောင်းလေးလ ဖြစ်ပါတယ်။ မိုးဥတုနဲ့ဆောင်းဥတုအထူးဥတုပြိုင်ကာလမှာ အပူနဲ့ အအေး လေဒေါသနဲ့သလိပ်ဒေါသတို့ အားပြိုင်ကြပြီး ရောဂါဘယတွေဖြစ်ပွားနိုင်ပါတယ်။ မိုးဥတုမှာလေဒေါသ ကြီးစိုးမင်းမူခဲ့တဲ့အတွက် လေစာအခါးအရသာကို သွေးသားက တောင့်တသလို ဆောင်းဥတုအခါမှာတော့ သလိပ်ဒေါသကြီးစိုးမင်းမူတဲ့အတွက် သလိပ်ငြိမ်စာအချဉ် အရသာကို သွေးသားကတောင့်တပါတယ်။ အခုလို ဥတုနှစ်ပါးအားပြိုင်ကာလမှာ ဥတုနှစ်ပါးလုံးနဲ့သင့်မြတ်အောင် အခါးအရသာဖြစ်တဲ့ မဲဇလီဖူးကို ရှောက်ရည်၊ သံပရာရည်တို့နဲ့ ချဉ်ချဉ်လေးသုပ်စားပါက ကျန်းမာရေးကိုကျေးဇူးပြုပါတယ်။ မိုးရာသီမှ ဆောင်းရာသီအကူးဥတုနှစ်ပါးလုံးနဲ့ သင့်မြတ်တဲ့အတွက် ရောဂါဘယမဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ သွေး၊ လေ၊ သလိပ်တို့ကို ညီညွတ်မျှတစေပါတယ်။ မဲဇလီဖူးကို အမြတ်တနိုးတန်ဖိုးထား စားသုံးခြင်းဟာ တိုင်းရင်းဆေး ပညာအမြင်နဲ့အလွန်သင့်မြတ်လှတဲ့ ရိုးရာဓလေ့ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ရွှေထွန်းဇံ(ရွှေလှော်ကား)

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar