သရေခေတ္တရာ ပြည်မြို့တော်

စေတီတည်ထားမည့် နေရာသည် ကျွဲစားကျက်မြေဖြစ်သည်ဟု ဆိုကာ တားမြစ်မှုများရှိ

ပြည့်သဲမောင် (ပြည်)

အလှူရှင်တစ်ဦးမှ ၀ယ်ယူလှူဒါန်းသော မြေနေရာသည် ကျွဲစားကျက်မြေဖြစ်သည်ဟုဆိုကာ ပဲခူးတိုင်း ပြည်ခရိုင်ပြည်မြို့တွင် စေတီတည်ထားမည့်နေရာအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာထုတ်တားမြစ်ခြင်း ရပ်ကျေး သံင်္ဃာ့နာယက အတွင်းရေးမှူး ဆရာတော်မှ ခေါ်ယူတားမြစ်ခြင်းများ ဖြစ်နေကြောင်း သိရပါသည်။

ပြည်မြို့ငါးရွာအုပ်စု တောင်ကုန်းကျေးရွာ၏ မြောက်ဘက်တွင် စေတီတစ်ဆူ တည်ထားရန် အလှူရှင်တစ်ဦးက မြေနေရာလှူဒါန်းသော်လည်း အဆိုပါမြေသည် ကျွဲစားကျက်မြေဖြစ်သည်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကျေးသံင်္ဃာနာယကအတွင်းရေးမှူးက တားမြစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာတွင် မြေအလှူရှင်ဦးကျော်မြင့်မှ ဧက၀က်ခန့်ရှိသော မြေနေရာဝယ်ယူ လှူဒါန်းခဲ့ပြီး တောင်ကုန်းကျေးရွာ ရပ်မိရပ်ဖများအား အမှူးထားကာ ဥာဏ်တော်အမြင့်(၁၈) တောင်ရှိသော “ဘ၀အလင်းရောင် အောင်ထွဋ်ခေါင် ဓါတ်ပေါင်းစု စေတီတော်မြတ်ကြီး” အမည်ရှိ စေတီတစ်ဆူ တည်ထားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့စီစဉ်ခဲ့ရာ ဘုရားတည်မည့်နေရာ အနီးပတ်ဝန်းကျင်တွင် မြေယာဝယ်ယူမှု များပြားလာခဲ့ ပြီး စားကျက်မြေများ ရောင်းစားနေသည် ခွင့်ပြုချက်မရှိဘဲ စေတီတည်ထားသည်ဟု တိုင်ကြားခံရပြီး မတ်လ(၇) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာထုတ်တားမြစ်ခြင်းခဲ့ကြောင်း စေတီဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဦးမြင့်အေးက ပြောပါသည်။ “လက်ရှိဘုရားတည်မယ့်နေရာက မြေလွတ်မြေရိုင်းပေါ့။ ဘုရားတည်မယ်ဆိုတော့ ၀ယ်တဲ့လူတွေက ငါလည်းဝယ်မယ်။ ငါလည်ဝယ်မယ်ဆိုပြီး အလုအယက်ဝယ်လိုက်ကြတာ တားတောင်ယူရတယ်။ အဲတော့ခြံမြေတွေအကွက်ရိုက်ရောင်းတယ်။ စေတီတည်တယ်ဆိုပြီး မယကကိုတိုင်လိုက်တော့ တားစာရတယ်”ဟု သူကဆိုသည်။ ထို့အပြင် မတ်လ(၈) ရက်နေ့တွင်လည်း ရပ်ကျေး သံင်္ဃနာယက အတွင်းရေးမှူးမှူး စိန်ပန်းကျောင်းဆရာတော်မှ ခေါ်ယူတားမြစ်ခဲ့သဖြင့် မတ်လ(၉) ရက်နေ့တွင်ပြုလုပ်မည့် စေတီပနက်တင်အခမ်းအနားအား ရပ်ဆိုင်းလိုက်ရကြောင်းလည်း သူက ဆက်လက်ပြောပါသည်။ ပြည်သူအတွက် အကျိုးစီးပွားပျက်မယ်ဆိုမလုပ်နဲ့၊ အချင်းချင်းပြသနာတက်မယ်ဆိုမလုပ်နဲ့၊ စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ပါလို့ ဆရာတော်ကတားတယ်။ ကျွန်တော်တို့မလုပ်တော့ပါဘူး” ဟုသူကဆိုသည်။ တောင်ကုန်းကျေးရွာ၏ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဝင်းကြည်က လွန်ခဲ့သောဆယ်နှစ်ကတည်း က ထိုမြေများသည် လုပ်ပိုင်ခွင့်ကျပြီး မြေများဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့်အတွက် စေတီတည်ထားခြင်းကို ကူညီပံ့ပိုးပေးနေကြောင်း ပြောပါသည်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက မယကကနေပြီး လုပ်ပိုင်ခွင့်တွေချပေးသွားတယ်။ စာအုပ်တွေတောင်ထုတ်ပေးခဲ့တယ်။ လုပ်ပိုင်ခွင့်ကျတဲ့လူက ပြန်ပြီးအရောင်းအ၀ယ်လုပ်တာလေးတွေရှိတာပေါ့။ ကျွန်တော်တို့က ဘုရားတည်မယ်ဆိုတော့ ဘယ်မြေဘဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဆိုတော့ လေးစားတာပေါ့။ ကူညီပံ့ပိုးပေးတယ်လေ”ဟု သူကပြောပါသည်။ စေတီတည်ထားပြီးချိန်တွင် ဘုရားမြေအဖြစ် လျှောက်ထားမည်ဖြစ်သော်လည်း တိုင်တန်းမှုများပေါ်ပေါက်လာသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာထုတ်တားမြစ်ခဲ့ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါမြေအား ယခင်အုပ်ချုပ်ရေးမှူးဟောင်းလက်ထက်က လုပ်စားမြေများချပေးခဲ့သော်လည်း လယ်သမားစာအုပ်သာထုတ်ပေးပြီး အခွန်ပေးဆောင်သည့်ပြေစာမရကြောင်း ငါးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးတင်ဦးက ပြောပါသည်။ “ပထမဥက္ကဌ ဦးသန်းဇော်လက်ထက်တုန်းက ဒီစားကျက်မြေပေါ်မှာ စိုက်ပျိုးလို့ရတဲ့မြေစိုက်ဆို ပြီး ခြောက်ဧကရှစ်ဧကလောက်ချပေးထားတာရှိတယ်။ အဲဒါက လယ်သမားစာအုပ်ထုတ်ပေးတယ် မြေစာရင်းကပြေစာတော့မလာဘူး။ နှစ်အပိုင်းအခြားနဲ့ရာသီအလိုက်ချပေးထားတာ။ တစ်ချို့ကျတော့လည်း လက်ပြောင်းလက်လွှဲနဲ့ရောင်းထားတာရှိတယ်”ဟု ငါးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတင်ဦးက ဆိုသည်။ စေတီတည်ထားခြင်းကို ကန့်ကွက်ခြင်းမဟုတ်ဘဲ ခွင့်ပြုချက်မတောင်းခြင်းကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးအုပ်ချုပ်ရေးအဖွဲ့များက လက်မခံခြင်းသာဖြစ်ကြောင်းလည်း သူက ဆက်လက်ပြောကြားခဲ့သည်။ “ဘုရားတည်တာကို ကန့်ကွက်တာမဟုတ်ဘူး။ သို့သော်ခုနလိုပေါ့လန(၃၉) မကျဘူး။ အများပိုင်မြေမှာခွင့်ပြုချက်မတောင်းဘဲနဲ့ သူတို့လုပ်ချင်တာလုပ်မယ်ဆိုတာ လက်မခံတာ။ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးအဖွဲ့တော်တော်များများက လက်မခံဘူး”ဟု ငါးရွာအုပ်ချုပ်ရေးမှူး ကပြောပါသည်။ စေတီတည်ထားရန်အတွက် လယ်ယာမြေ လုပ်ကိုင်ခွင့်လ/န(၃၉) သာသနာ့မြေအဖြစ် လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာသာသနာရေးဦးစီးဌါနသို့လည်း ခွင့်ပြုချက်တောင်းခံသွားရမည် ဖြစ်ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar