သရေခေတ္တရာ ပြည်မြို့တော်

သန်းခေါင်စာရင်း နောက်ကြောင်းရာဇဝင်

လူဦးရေ ရေတွက်ခြင်းကို ကမ္ဘာပေါ်တွင် ရှေးနှစ်ပေါင်းများစွာကပင် ပြုလုပ်ခဲ့ကြပါသည်။ ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် အီဂျစ်နိုင်ငံတွင် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၂၀၀၊ တရုတ်ပြည်၊ ဘေဘီလိုနီယား၊ ဂရိနှင့် ရောမတို့တွင် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀၀ ခန့်စသည်ဖြင့် နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်အနေဖြင့် လုပ်ဆောင်ခဲ့ကြကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရသည်။

၁၀၈၆ ခုနှစ် Domesday Book စာအုပ်တွင် ဗြိတိန်နိုင်ငံ၏ ပထမဦးဆုံး သန်းခေါင်စာရင်းကို ဖော်ပြခဲ့ပါသည်။ ယင်းအချိန်က လူဦးရေ စာရင်းထက်မြေဧရိယာများသိရှိရန် သန်းခေါင်စာရင်းကို ကောက်ယူခဲ့ကြသည်။ ထိုသို့ကောက်ယူရရှိသည့် စာရင်းများမှ လူဦးရေ တိုးပွားလာသည်ကို ဂရုပြုမိပြီးတိုင်းပြည်၏ စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရွံ့လာရာမှစတင်၍ ခေတ်မီသန်းခေါင်စာရင်းများကို ကောက်ယူခဲ့ကြောင်း တွေ့ရှိရသည်။ ထို့အတူမိမိတိုင်းပြည်တွင် လူမည်မျှ နေထိုင်သည်ကို သိရှိခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးများစွာရှိလာသည်ကို သိရှိရာမှ လူဦးရေနှင့် ဆက်နွယ်သည့်အခြား အချက်အလက်များရရှိပါက တိုင်းပြည်အတွက် အသုံးဝင်ပုံကို နားလည် သဘောပေါက်လာခဲ့ကြသည်။ ဥပမာအားဖြင့် မည်သည့်နေရာတွင် လူဦးရေ ထူထပ်နေသည် သိရှိခြင်းဖြင့် ယင်းပြဿနာများနှင့် သက်ဆိုင်သည့် နည်းဥပဒေအသစ်များ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ခေတ်မီ သန်းခေါင်စာရင်းများကို ဥရောပနိုင်ငံများတွင် ၁၆၀၀ ပြည့်နှစ်တွင်လည်းကောင်း၊ မြောက်အမေရိကတွင် ၁၆၆၆ ခုနှစ်နှင့် အမေရိကန်နိုင်ငံတွင် ၁၇၉၀ ခုနှစ် တို့တွင်လည်းကောင်း စတင်ကောက်ယူခဲ့ကြသည်။ သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေ ရေတွက်ခြင်းနှင့် လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စာရင်းအင်းများသာမက စီးပွားရေး၊ လူမှုရေးအကြောင်း အရာတို့ကို သတ်မှတ်ထားသည့် ရည်ညွှန်းချိန်၌ တစ်နိုင်ငံလုံး(သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသော စာရင်းအင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် မိုးကောင်းကင်မှ လျှပ်တစ်ပြက်ဓာတ်ပုံရိုက်လိုက်သလို ယင်းအချိန်တွင် တွေ့မြင်ရသည့် လူဦးရေစာရင်းပင်ဖြစ်သည်။ ထို့အတူ သန်းခေါင်စာရင်းသည် လူမှုစီးပွားရေးနှင့်လူဦးရေဆိုင်ရာ အချက်အလက်များကို ကောက်ယူခြင်း၊ စုစည်းခြင်း၊ တွက်ချက်ခြင်း၊ ဆန်းစစ်ခြင်းနှင့် ထုတ်ပြန်ခြင်းလုပ်ငန်းစဉ် တစ်ခုလုံးကို ဆိုလိုပါသည်။ သန်းခေါင်စာရင်း အမျိုးမျိုးတို့ရှိရာ အများဆုံး ကောက်ယူကြသော သန်းခေါင်စာရင်းများမှာ လူဦးရေသန်းခေါင်စာရင်း (Population Census)၊ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (Housing Census)၊ လယ်ယာသန်းခေါင်စာရင်း (Agricultural Census)၊ စီးပွားရေး သန်းခေါင်စာရင်း (Business Census) စသည်တို့ပါဝင်ပါသည်။ ယနေ့ လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင် အသက်၊ လူမျိုး၊ အိမ်အကြောင်းအရာ၊ မိသားစုဦးရေ၊ အလုပ်အကိုင်၊ မွေးဖွားခြင်းနှင့်သေဆုံးခြင်း စသည့် နိုင်ငံအလိုက် လိုအပ်ချက်အပေါ်မူတည်ပြီး စာရင်းအင်းအချက်အလက်များ ကောက်ယူခဲ့ကြသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေတိုးပွားမှုကိုတိုင်းတာရန် နိုင်ငံ အသီးသီးတွင် ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် ကမ္ဘာ့ကုလသမဂ္ဂမှ အကြံပြုထားပါသည်။ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ အလွန်ကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်ကြီးမားပါသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် လူဦးရေသန်းခေါင်စာရင်းကို ၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူလေ့ရှိပြီး နိုင်ငံအချို့တွင်မူ ငါးနှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပါသည်။ ယခုအခါ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတွင် ကုလသမဂ္ဂ၏ကမ္ဘာ့ သန်းခေါင်စာရင်းကောက်ယူမှု လက်ရှိအစီအစဉ်အရ ၂၀၀၅ ခုနှစ်မှစ၍ နိုင်ငံပေါင်း ၂၀၀ ခန့်တွင် လူဦးရေသန်းခေါင်စာရင်းများနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ကောက်ယူပြီးခဲ့ရာ ၂၀၀၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် နိုင်ငံပေါင်း ၂၇ နိုင်ငံ၊ ၂၀၀၇ ခုနှစ်တွင် ၁၁ နိုင်ငံ၊ ၂၀၀၈ ခုနှစ်တွင် ၁၂ နိုင်ငံ၊ ၂၀၀၉ ခုနှစ်တွင် ၁၅ နိုင်ငံ၊ ၂၀၁၀ ခုနှစ်တွင် နိုင်ငံပေါင်း ၄၃ နိုင်ငံနှင့် ၂၀၁၁ ခုနှစ်တွင် နိုင်ငံပေါင်း ၆၂ နိုင်ငံနှင့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၆ နိုင်ငံတို့တွင် ကောက်ယူခဲ့ကြပါသည်။ ယခု ၂၀၁၃ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံ ကောက်ယူမည်ဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံ ကောက်ယူမည်ဖြစ်ပါသည်။ မြန်မာ့သမိုင်းကြောင်းကိုပြန်လည်ကြည့်ရှုပါက သာလွန်မင်းလက်ထက် မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ်နှင့် ဘိုးတော်ဘုရားလက်ထက် မြန်မာ သက္ကရာဇ် ၁၀၄၅ ခုနှစ်တွင် သန်းခေါင်စာရင်း သဘောသက်ရောက်သည့် စစ်တမ်းများ ကောက်ယူခဲ့သည်ကို တွေ့ရှိရပါသည်။ ယင်းစာရင်းများတွင် လူဦးရေအကြောင်းအရာ၊ အိမ်ခြေ၊ လယ်ယာမြေသီးနှံထွက်၊ အခွန်တော် ငွေစသည့် စာရင်းတို့ကိုကောက်ယူခဲ့ပါသည်။ မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရအုပ်ချုပ်ချိန်တွင် စီမံခန့်ခွဲရေးရာကိစ္စ ရပ်များဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ၁၈၇၂ ခုနှစ်နှင့် ၁၈၈၁ ခုနှစ်တို့တွင် ဗြိတိသျှလက်အောက်ရှိ အောက်မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းများကောက်ယူခဲ့ပါသည်။ ၁၈၉၁ ခုနှစ်မှစ၍ ၁၉၄၁ ခုနှစ် အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သန်းခေါင်စာရင်းများကို ၁၀ နှစ် တစ်ကြိမ် အချိန်မှန်ကောက်ယူခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် ဆက်လက်ကြိုးပမ်းခဲ့ကြပါသည်။ သို့ရာတွင် ပြည်တွင်းလုံခြုံမှု ကန့်သတ်ချက်အခြေအနေအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကောက်ယူရန်မဖြစ်နိုင်ခဲ့၍ အဆင့်ဆင့်ကောက်ယူရန် စီစဉ်ခဲ့ကြသည်။ ယင်းအစီအစဉ်အရ ၁၉၅၃ ခုနှစ် မတ်လတွင် မြို့ပေါင်း ၂၅၂ မြို့နှင့် ချင်းပြည်နယ် (ပလက်ဝခရိုင်ခွဲမှအပ)တို့တွင်လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည်မ၌ ကျေးရွာအုပ်စု ၂၁၄၃ ခုနှင့် ကချင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၀၁၆ ခုကိုလည်းကောင်း ကောက်ယူခဲ့ပါသည်။ ကျန်ဒေသများတွင် လုံခြုံမှုကန့်သတ်ချက်အရ ဆက်လက် ကောက်ယူနိုင်ခြင်းမရှိခဲ့ပါ။ ယင်းနောက်တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ပြည့်စုံသော ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ကောက်ယူနိုင်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ်နောက်ပိုင်းတွင် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့သော် လည်း ကောက်ယူနိုင်ခြင်းမရှိခဲ့ပါ။ လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းများမှာ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှ လူဦးရေများ၊ ငါးနှစ်တစ်ကြိမ်ကောက်ယူသော စစ်တမ်းများမှရရှိသည့် အညွှန်းကိန်းများ စသည်တို့အပေါ်အခြေခံ၍ ခန့်မှန်းတွက်ချက်ထားရသဖြင့် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကိန်းဂဏန်းများခိုင်မာမှု အာနည်းချက်များရှိနိုင်မည်ဖြစ်ပါသည်။ ထို့အတူ လူဦးရေဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မရရှိသဖြင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ စီမံချက်ချမှတ် ရေးဆွဲရေးလုပ်ငန်းများနှင့် မူဝါဒ ရေးဆွဲရေးလုပ်ငန်းများတွင် အခက်အခဲများ တွေ့ကြုံလာရပါသည်။ ထို့ကြောင့် ခိုင်မာသော လူဦးရေဆိုင်ရာ ကိန်းဂဏန်းများရရှိစေရန် လူဦးရေ သန်းခေါင်စာရင်းကောက်ယူရန် လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရသစ်လက်ထက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာတွင် လူဦးရေဆိုင်ရာအချက်အလက်များသည် လက်ရှိနှင့်အနာဂတ်စီမံကိန်းများ ချမှတ်နိုင်ရေးအတွက် အဓိက အကျဆုံးပင်ဖြစ်သည်။ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်းနှင့် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ခြင်း အစရှိသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းမှသာ ရရှိနိုင်ပါသည်။ ယခုအချိန်သည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူဦးရေဆိုင်ရာအချက်အလက်များရရှိရန် အမှန်တကယ် လိုအပ်လာခြင်းနှင့် ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမနေ့အစည်းအဝေးတွင် မိုင်းပန်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ဦးက မြန်မာနိုင်ငံတွင် လူဦးရေသန်းခေါင်စာရင်းကောက်ယူရန် အဆိုတင်သွင်းခဲ့သည့်အတွက် ပြည်သူတို့၏ လိုလားချက်ကို ဖြည့်ဆည်းနိုင်ရန်အလို့ငှာ နိုင်ငံတော်အကြီးအကဲမှ သန်းခေါင်စာရင်းကောက်ယူရန် လမ်းညွှန်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင်ရှိသော လူဦးရေဆိုင်ရာ စာရင်းအင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် နှစ်ပေါင်း ၃၀ ကျော် ကောက်ယူခြင်းမရှိသော သန်းခေါင်စာရင်းကို နိုင်ငံတော်အစိုးရမှ ““လှည်းနေ လှေအောင်း၊ မြင်းဇောင်းမကျန်”” ဆိုသည့် စကားအတိုင်း ပြည်လုံးကျွတ်ကောက်ယူမည်ဖြစ်ပါသည်။ ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ရက်ကြာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူပါမည်။ ယင်းလုပ်ငန်းကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်မှဦးဆောင်ပြီး သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်နှင့် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများတို့နှင့် ပူးပေါင်း၍ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ယဉ်ယဉ်ကြိုင်

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar