သရေခေတ္တရာ ပြည်မြို့တော်

မြန်မာ့ ပထမဆုံး ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ပျူမြို့ပြ နိုင်ငံများ

မှူးအိမ်ဇင်

images_pyaycity-sriksetra-old-township

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် ဧရာဝတီမြစ် တစ်လျှောက် တည်ရှိခဲ့သော ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုးမြို့ဟောင်းတို့ကို ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (World Heritage List) အဖြစ် ၂၂-၆-၂၀၁၄ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေး၌ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။ အဆိုပါမြို့ဟောင်း သုံးမြို့သည် ပျူခေတ်၏ ခေတ်ပြိုင်မြို့ပြနိုင်ငံများဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း တည်ရှိကြ၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယူနက်စကိုသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ပဏာမအစီရင်ခံစာ တင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ် အစီရင်ခံစာ တင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အမွေ အနှစ်ကော်မတီအဖွဲ့ဝင် ၂၁ နိုင်ငံတွင် ၁၈ နိုင်ငံမှ ထောက်ခံခဲ့သောကြောင့် စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်တာ ဒါပထမဆုံးဆိုတော့ မြန်မာကို ကမ္ဘာက ပိုသိသွားတာပေါ့။ အခုလိုစာရင်းဝင်သွားပြီဆိုတော့ ရှေ့ဆက်ပြီး ဒီမြို့ဟောင်းတွေကိုထိန်းသိမ်းဖို့ စနစ်တကျ အစီအစဉ်ဆွဲ လုပ်ဆောင်သွားမှာပါ” ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ပျူမြို့ဟောင်း သုံးမြို့၊ မြောက်ဦး၊ ပြဒါးလင်းဂူ၊ အင်းလေးကန်၊ မင်းကွန်းဒေသ၊ မန္တလေး၊ အင်းဝ၊ ဟံသာဝတီ ဟူသောရှေးဟောင်း ယဉ်ကျေးမှုများထွန်းကားချန်ထားရစ်ခဲ့ရာ နေရာဒေသ ရှစ်ခုကို အဆိုပြုတင်သွင်းခဲ့ရာမှ မြို့ပြယဉ်ကျေးမှု အစောဆုံးထွန်းကားခဲ့သော ပျူမြို့ဟောင်းသုံးမြို့ကို ရွေးချယ် ခံခဲ့ရခြင်းဖြစ်သည်။ ယင်းကြောင့် ပျူမြို့ဟောင်း သုံးမြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့များအကြောင်း လက်လှမ်းမိသရွေ့ လေ့လာမှတ်သား မိသမျှ တင်ပြလိုက်သည်။ အဆိုပါ မြို့ဟောင်းများသည် ပုဂံမြို့ဟောင်းထက် နှစ်ပေါင်း ၁၀၀၀ ခန့်စော၍ ပေါ်ထွန်းလာခဲ့သော ပျူမြို့ပြနိုင်ငံများ ဖြစ်သည်။

ဟန်လင်းပျူမြို့ ( ဟံသာနာဂရနိုင်ငံတော်)

ဟန်လင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ် အတွင်းတည်ရှိပြီး ရွှေဘိုမြို့မှ ၁၂ မိုင်ကွာ ဝေးကာ ဧရာဝတီမြစ်နှင့် မူးမြစ်အကြား တည်ရှိသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ထွန်းကားခဲ့သော နိုင်ငံဖြစ်သည်။ ဟန်လင်းမြို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းကိုဖြတ်သွားသည့် တရုတ်ကုန်သွယ်ရေး လမ်းမကြီး၏ တောင်ဘက်လမ်းခွဲပေါ်တွင် တည်ရှိ၍ အိန္ဒိယနှင့် ဆက်သွယ်ရာတွင် အဆက်အသွယ်များသော ကုန်သွယ်စခန်းတစ်ခုဟု ယူဆကြသည်။ ဟန်လင်းမြို့ကို တူးဖော်ရာတွင် ငွေဒင်္ဂါးအမြောက်အမြားတွေ့ ရှိရသည်။ ငွေဒင်္ဂါးအရွယ်အစားသုံး မျိုးတွေ့ရ၍ ပြည်တွင်းပြည်ပ ကုန်သွယ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည်။ ဗုဒ္ဓဘာသာနှင့် ဗြာဟ္မဏအယူဝါဒ ထွန်းကားခဲ့သည်။ သေဆုံးသူများကို မီးသင်္ဂြိုဟ်၍ အရိုးအိုးများကို မြှုပ်နှံလေ့ရှိသည်။ မြေအိုးများဖြင့် ချက်ပြုတ်စားသောက်ခဲ့ကြသည်။ အိုးများပေါ်၌ လူရုပ်၊ ဒေါင်းရုပ်၊ ငါးရုပ် စသည်တို့ လှပစွာခြယ်သခဲ့ကြသည်။ သံလက်နက်ကိရိယာများ အသုံးပြုခဲ့ပြီး၊ စာပေအရေးအသား အသုံးပြုခဲ့ကြသည်။ လယ်ယာစီးပွားရေးလုပ်ငန်း အဓိကထားခဲ့ကြသည်။ ဟန်လင်းသည် ခရစ်နှစ် ၈ ရာစု၊ ၉ ရာစုခန့်တွင် ရုတ်တရက်ပျက်စီးသွားပြီး မြို့ပြအနေဖြင့် မဟုတ်သော်လည်း ၉ ရာစု၊ ၁၀ ရာစု ပုဂံခေတ်ဦးတိုင်အောင် ကျေးရွာများအဖြစ် ဆက်လက် တည်ရှိခဲ့သည်။

ဗိဿနိုးပျူမြို့

ဗိဿနိုးမြို့သည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အနောက်ဘက် ၁၁ မိုင်ကျော်အကွာရှိ ကုက္ကိုခွရွာ၏ မြောက်ဘက်တွင် တည်ရှိသည်။ ဗိဿနိုးမြို့သည် အေဒီ ၁ ရာစုမှ ၅ ရာစုခန့်အတွင်း ထွန်းကားခဲ့သည်ဟု ယူဆခဲ့ကြသည်။ မြို့ပုံသဏ္ဌာန်မှာ လေးထောင့်မကျတကျဖြစ်ပြီး မြို့အနောက်ဘက်တွင် အင်းအိုင်ကြီး တစ်အိုင်ရှိသည်။ တောင်ဘက်တွင် ရန်ပယ်ချောင်းရှိ၍ ဆည်ရေသောက်လယ်များ ဖြစ်ထွန်းခဲ့သည်။ မြို့အ၀င်၌ သစ်သားတံခါးကြီးများ တပ်ဆင်ထားသည်။ စပါး၊ ပြောင်း၊ ပဲမျိုးစုံစိုက်ပျိုး၍ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ ဒင်္ဂါးများအသုံးပြုကြပြီး ကြေးခြင်္သေ့အလေး၊ ကြေးဟင်္သာအလေးများ သုံးခဲ့ကြသည်။ ကိုယ်ပိုင်ယဉ်ကျေးမှုရှိသည်။ အိုးခွက်၊ လက်ဝတ်တန်ဆာ၊ အထည်အလိပ် စသည့်အသုံးအဆောင်များ ထုတ်လုပ်ကြပြီး အိန္ဒိယတောင်ပိုင်းနှင့် အရောင်းအ၀ယ်အများဆုံး လုပ်ခဲ့ကြသည်။ အုပ်ချုပ်သူကုန်သည်နှင့် ကျေးကျွန်များ ရှိခဲ့ကြသည်။ စာပေနှင့်ပတ်သက်၍ တူးဖော်တွေ့ရှိမှုမရှိခဲ့။ ကျောက်ဆစ်ပညာ တတ်မြောက်ကြသည်။ ဗုဒ္ဓဘာသာ မဖွံ့ဖြိုးသေးပေ။ အလျား ၂၀ လက်မ၊ အနံ ၁၀ လက်မ၊ အမြင့် ၃ လက်မခွဲခန့်ရှိသော အုတ်ချပ်များ တွေ့ရသည်။

သရေခေတ္တရာ ပျူမြို့

သရေခေတ္တရာမြို့သည် မြန်မာနိုင်ငံအတွင်း ကြင်းကျန်တည်ရှိသမျှ ပျူမြို့ဟောင်းများအနက် ယဉ်ကျေးမှုအထွန်းကားဆုံးနှင့် အကြီးဆုံးဖြစ်ရုံသာမက မြန်မာနိုင်ငံ၏ ပထမဆုံးသော တည်ရှိခဲ့သော မြို့တော်ကြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့၏ အရှေ့ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသည်။ သရေခေတ္တရာသည် ပထမ မြန်မာနိုင်ငံတော်ဖြစ်သည်။ သရေခေတ္တရာမြို့သည် ခရစ်နှစ် ၃ ရာစုမှ ၁၂ ရာစုအထိ ထွန်းကားခဲ့သည်။ မြို့၏ ပုံသဏ္ဌာန်မှာ အ၀န်းအ၀ိုင်း ပုံသဏ္ဌန်ဖြစ်၏။ မြို့ရိုးပတ်လည်အရှည် ၉ မိုင်ခန့်ရှိကာ အကျယ်အ၀န်း စတုရန်းငါးမိုင်ခွဲရှိ၍ အချို့နေရာများတွင် မြို့ရိုးအမြင့် ၁၅ ပေခန့်ရှိသည်။ မြို့ရိုးအတွင်း အလယ်ဗဟို တောင်ဘက်ယွန်းယွန်းတွင် နန်းတော်ရာရှိ၏။ တောင်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် မြို့ရိုးနှစ်ထပ်၊ အရှေ့တောင်ဘက်တွင် မြို့ရိုးသုံးထပ် တည်ဆောက်ထားသည်။ ပျူအက္ခရာကို သုံးစွဲနေပြီး စာပေတတ်မြောက်သော ယဉ်ကျေးမှုသို့ ရောက်ရှိနေပြီဖြစ်၏။ စေတီတော်များ တည်ထား ကိုးကွယ်ကြသည်။ သဘင်အနုပညာပိုင်းဆိုင်ရာ သီဆို တီးမှုတ် ကခုန်နေကြပြီးဖြစ်ကြောင်း သိရှိရသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ အစောဆုံး ရောက်ရှိထွန်းကားခဲ့ခြင်း အရှေ့တောင်အာရှဒေသတွင် အစောဆုံးထွန်းကားခဲ့ခြင်း ရှေးမြို့ဟောင်းအဖြစ် ထင်ရှားစွာ ကြင်းကျန်နေခဲ့ကြခြင်း၊ ပုဂံခေတ်အတွက် လက်ရာမြောက်မှု ဗိသုကာ အဆောက်အအုံများ၊ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မား ထွန်းကားမှုတို့ ပေါက်ဖွားလာစေရန် မျိုးစေ့ချပေးခဲ့ခြင်းတို့၏ အကောင်းဆုံး ပြယုဂ်ဖြစ်သော ဟန်လင်းမြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်း ဟူသော ပျူမြို့ဟောင်းသုံးမြို့သည် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများဖြစ်သွားကြပြီ ဖြစ်သည်။ ယင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ရန် နိုင်ငံတော်သာမက ပြည်သူများပါပူးပေါင်း ပါဝင်လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတကာခရီးသွားများ လည်ပတ်လေ့လာစရာ နေရာတစ်ခုအဖြစ် တည်ရှိလာနိုင်သလို ဒေသခံတို့၏ အကျိုးစီးပွားလည်း ဖွံ့ဖြိုးလာမည်ဖြစ်ပေသည်။

ကိုးကား။ ။ မြန်မာ့ဘူမိဖြစ်စဉ်နှင့် ပျူတို့၏ ရှေးဦးမြို့ပြနိုင်ငံ အခင်းအကျင်း၊ (ချစ်စံဝင်း)၊ ပျူမင်းသားဂီတခရီးစဉ်နှင့် သရေခေတ္တရာ လေ့လာချက်စာတမ်း၊ ဒေါက်တာချစ်စံ (ချစ်စံဝင်း)။

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 173.245.52.102
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar